ဘားအံမြို့နယ်၊ ထီးဖိုးကလုံးကျေးရွာအနီးတွင် ငွေကျပ်သန်း (၁၅၀၀) ခန့် ရင်းနှီးမြှုပ်နှံ၍ တန် (၁၀၀) ဆန်စက်တည်ဆောက်မည်

ဘားအံ နိုဝင်ဘာ ၁၆

ပြည်နယ်အတွင်းစိုက်ပျိုးထွက်ရှိသည့် ရာသီစပါးများအား ဆန်ချောအဖြစ် ထုတ်လုပ်ရောင်းချခြင်းဖြင့် လယ်ယာထွက်ကုန်ရောင်းချမှုကဏ္ဍ တိုးမြှင့်လာစေရေး ဘားအံမြို့၊ ထီးဖိုးကလုံးကျေးရွာ အနီး၌ တန် ၁၀၀ ဆန်စက် တည်ဆောက်လိုသော ပြည်နယ်အတွင်းမှ ဆန်စက်လုပ်ငန်းရှင်များအား ယမန်နေ့နံနက် ၁၁ နာရီခန့်က ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဆန်စက်လုပ်ငန်းရှင်းများမှ တာဝန်ရှိသူတစ်ဦးက တန် (၁၀၀) ဆန်စက် တည်ဆောက်လိုသော ရည်ရွယ်ချက်၊ ပြည်နယ်၏ စိုက်ပျိုးဧကဆိုင်ရာအချက်အလက်များ၊ ဆန်စက် တည်ဆောက်မည့် အဆိုပြုနေရာ၊ တည်ဆောက်မည့် ဆန်စက်အဆောက်အဦဒီဇိုင်း၊ ငွေကျပ် သန်း (၁၅၀၀) ခန့် ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းဆောင်ရွက်မည့် စီမံချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ လုပ်ငန်းများအမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)