ဟိုင်းကြီးကျွန်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်၍ ယမန်နေ့ နံနက် ၉နာရီ အချိန်က ဟိုင်းကြီးကျွန်းမြို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ် (၁၊ ၂၊ ၃) ရပ်ကွက်များသို့ သွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်လွင် စီစဥ်ကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့မှ အရန်တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်မီးများ အသုံးပြုရာ၌ မီးဘေးလုံခြုံရေး အလေးထား လိုက်နာဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံးရေပုံးနှင့် မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိရန်၊ ထင်း၊ မီးသွေးများဖြင့် ချက်ပြုတ်ရာတွင် ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက စနစ်တကျ ငြှိမ်းသတ်ထားရှိရန် အချက်များ၊ ဖယောင်းတိုင်မီးများ၊ အမွှေးတိုင်မီးများနှင့် ခြင်ဆေးခွေများ စနစ်တကျ အသုံးပြုသွားရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့ပါကသက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေး ဆောင်ရွက်သွားရန်တို့ကို အသိပေးလှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်း (ပြန်/ဆက်)