စုကလိ နိုဝင်ဘာ ၁၅
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက်ပိုင်းက အမျိုးသားအောင်ပွဲနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းသိကောင်းစရာများအား အသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက် - ၃ ဒေါ်ပိုပိုအောင်က အမျိုးသားအောင်ပွဲနေ့ပေါ်ပေါက်လာပုံအကြောင်း ကောက်နုတ်ချက်များ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေအကြောင်း၊ ကျွန်ပညာရေးစနစ်ဥပဒေကို စတင်တော်လှန်ခဲ့ကြသည့် ပထမကျောင်းသားသပိတ်ခေါင်းဆောင်များအကြောင်း၊ စတင်သပိတ်မှောက်ရန် သစ္စာအဓိဌာန်ပြုခဲ့ကြသည့်နေရာများအကြောင်းနှင့် ရုပ်သံကျွမ်းကျင်- ၃ (အင်အားပြ) ဦးကိုကိုအောင်က အမျိုးသားကျောင်းများပေါ်ပေါက်လာပုံ၊ လူငယ်များအဖိနှိပ်ခံကျွန်ပညာရေးစနစ်တို့ကို အသီးသီးသပိတ်မှောက်ကြပုံ၊ မြန်မာလူမျိုးများ၏ ပညာရေးစနစ်ကောင်းတစ်ခုကို ပုံဖော်တိုက်ပွဲဝင်ခဲ့ကြပုံတို့ကို အပြန်အလှန်ဆွေးနွေးပေးခဲ့ကြသည်။
ဆက်လက်၍ စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့်ကလေးငယ်များအား သင်္ချာကိန်းပြသင်္ကေတများအား အရုပ်ဆက်ဂိမ်းယှဉ်ပြိုင်စေခဲ့ပြီး ဆုရရှိသူများအား နိုဝင်ဘာလ ၁၆ ရက်နေ့ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပိုပိုအောင်