လိပ်သို စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ တောင်ငူ-လွိုင်ကော် ကားလမ်းမပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် အထောက်အကူပစ္စည်းဖြစ်သည့် Mask များကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လိပ်သိုမြို့ ပရဟိတလူမှုကူညီရေးအသင်း (MR Resue)မှ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ လိပ်သိုမြို့ ပရဟိတ လူမှုကူညီရေးအသင်း (MR Resue) မှ ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် ပရိဟိတအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက လိပ်သိုမြို့အတွင်း ဖြတ်သန်းသွားလာသော ပြည်သူများအား စနစ်တကျ Mask များ တပ်ဆင်စေခြင်း မော်တော်ဆိုင်ကယ်၊ ကားများတွင် ပါရှိသော စျေးရောင်း စျေးဝယ်လာသူ ပြည်သူများအား Mask များကို စနစ်တကျ တပ်ဆင်ပေးခြင်းနှင့် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
ဆက်လက်ပြီး မန်းတော်ဝင်ဆီဆိုင်နှင့် ရွှန်းလဲ့မိုဘိုင်းဆိုင်တို့မှလည်း လိုအပ်သည့် Mask များကို ပါဝင်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသည် လူစုလူဝေးမှတစ်ဆင့် လျှင်မြန်စွာကူးစက်နိုင်သဖြင့် လူစုလူဝေးနှင့် လူထူ ထပ်သော နေရာများ သို့ နေထိုင်သွားလာခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ခြင်းဖြင့် ရောဂါကူးစက်မှု မပြန့်ပွားစေရန် လိပ်သိုမြို့တွင်း အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး လိပ်သိုမြို့ ပရဟိတ လူမှုကူညီရေး အသင်းမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး တေးသီချင်းများဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)