၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပုသိမ် နိုဝင်ဘာ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့ သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေးဒေသရုံး (ပုသိမ်) မှ အာမခံအလုပ်သမား ဦးမောင်မောင်စိုး၏ လုပ်ငန်းခွင် အတွင်း ထိခိုက်ဒါဏ်ရာရ သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သစ်ထုတ်လုပ်ရေး ဒေသရုံးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပါ အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီးတာဝန်ခံ အရာရှိက ကျန်ရစ်သူ အကျိုးခံစားခွင့်ပြုငွေကျပ် (၉၀၀၀၀၀၀) ကို အလုပ်တွင် ထိခိုက်သေဆုံးသူ အာမခံ အလုပ်သမား ဦးမောင်မောင်စိုး၏ ဇနီးဖြစ်သူ ဒေါ်မိုးမိုးစန်းထံသို့  လက်ရောက်ပေးအပ်ခဲ့ပြီး ပုသိမ်မြို့နယ်သစ်ထုတ်လုပ်ရေးမန်နေဂျာ ဦးကျော်မျိုးထက်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။  အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိများ၊ မြို့နယ် လူမှုဖူလူရေးရုံးမှ တာဝန်ခံအရာရှိနှင့် သစ်ထုတ်လုပ်ရေးဒေသရုံး (ပုသိမ်) မှ မန်နေဂျာနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်