ပိုင်ကျုံမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများအား ပြည်သူများ၏ လက်ဝယ်အရောက်ပေးအပ်

ပိုင်ကျုံ စက်တင်ဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ် ကာလအတွင်း နိုင်ငံတော် အစိုးရမှ အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယ‌မန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ က ပူးပေါင်း၍ လိုက်လံထောက်ပံ့ပေးလျက်ရှိရာ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ မိသားစု စားဝတ်နေရေး အဆင်ပြေစေရန်နှင့် အလုပ်အကိုင်အခက်အခဲများ ဖြစ်ခဲ့မှုအပေါ် ယခုလို ငွေကြေး ထောက်ပံ့ပေးအပ်ရ ခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု(၄၉)စုအတွက် စုစုပေါင်းထောက်ပံ့ငွေ (၉၈၀၀၀၀)ကျပ်ကို ပြည်သူ များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၃၆၁၇)စုရှိပြီး ထောက်ပံ့ငွေများကို ပိုင်ကျုံမြို့ ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျေးရွာများအရောက် လိုက်လံပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။     

 ပိုင်ကျုံ(ပြန်/ဆက်)