တမူး နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာန အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာလ(၁၅) ရက်နေ့ နံနက်( ၉) နာရီအချိန်က အဆိုပါကျောင်းရှိ ကဘော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးညီညီဇော်နှင့် ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်တို့မှ ကလေးအလုပ်သမားများ ကြုံတွေ့နေရသည့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ရည်မှန်းချက်များဖြစ်သည့် ကလေးများအား ကလေးအလုပ်သမားခိုင်းစေမှု အထူးသဖြင့် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ပေးရေး ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီထိရောက်စွာ အကာအကွယ်ပေးရေး အန္တရာယ်ရှိသော အလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံပေးရေးကိစ္စရပ်များကို အကျယ်တဝင့် ဟောပြောခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုဆွေနှင့် ဆရာ/ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရတနာ