ကသာ နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပျော်ရွှင်ဖွယ်ကစားနည်းပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စောကလျာက ကျောင်းသား/သူများ အနေဖြင့် မြန်မာ့ရိုးရာကစားနည်းများကို နှစ်သက် မြတ်နိုးတတ်စေရန်၊ အသင်းအဖွဲ့ဖြင့် စုပေါင်းဆောင်ရွက်တတ်စေရန်၊ ကောင်းသော ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရယူလိုစိတ် မွေးမြူတတ်စေရန်နှင့် စိတ်အပန်းပြေစေရန်ရည်ရွယ်၍ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူလေးများက ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ ရေဘောလုံးမှုတ်ပြိုင်ပွဲ၊ ဘိုလင်းပစ်ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ရာ ပြိုင်များတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)