ရှမ်းရွာသစ် နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မိုးအေးက (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ပညာရေးဌာနမှ ဒေါ်သင်းသင်းမော်က ၁၉၂၀ ခုနှစ်တွင် ပြဌာန်းခဲ့သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေအရ မြန်မာနိုင်ငံတွင် ယုဒသန်ကောလိပ်နှင့် ရန်ကုန်ကောလိပ်ဟူ၍သာရှိပြီး ဗြိတိသျှအစိုးရက ကောလိပ်နှစ်ခုကိုပေါင်း၍ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကိုရေးဆွဲရာတွင် ချမ်းသာကြွယ်ဝသောမိသားစုဝင်များ၏ သားသမီးများသာသင်ယူစေခြင်း၊ တက္ကသိုလ်အက်ဥပဒေအရ ကျောင်းသားဦးရေကို ကန့်သတ်ထားခြင်း၊ ကျောင်းအိပ်ကျောင်းစားဖြစ်ရမည်ဟု သတ်မှတ်ခြင်းတို့ကြောင့် အင်္ဂလိပ်အစိုးရရေးဆွဲထားသော ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို မကျေနပ်သည့်အတွက် ကျောင်းသား/သူများက သပိတ်မှောက်ခဲ့ရာ တစ်နိုင်ငံလုံးရှိပြည်သူများပါဝင်လာခဲ့ကြသည့်အတွက် စတင်သပိတ်မှောက်သောနေ့ကို ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၂ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ်သတ်မှတ်ခဲ့ကြောင်း စသည်ဖြင့် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး