အိမ်မဲမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်

အိမ်မဲ   စက်တင်ဘာ     ၂၀

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အ-ထ-က(၂)၊ အ-မ-ကမြို့မ(၁)၊ အ-မ-ကမြို့မ(၂)ကျောင်းများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရပ်ကွက်နှင့် ကျေးရွာအုပ်စုတွေက ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ အတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း တိတိကျကျ၊ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားတာဖြစ်ပါတယ်။ သင်တန်းပို့ချတဲ့ အခါမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကထုတ်ပြန်ထားတဲ့ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနဲ့အညီ အခြေခံပညာကျောင်း (၃)ကျောင်းမှာ(၁)ကျောင်းလျှင် လူဦးရေ ၃၀ ဦး နှုန်းနဲ့ သင်ကြားပေးနေ တာဖြစ်တယ်။ အိမ်မဲမြို့နယ်မှာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၀၂) အုပ်စုက ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူး တစ်ဦး၊အဖွဲ့ဝင်တစ်ဦးစီ တက်ရောက်ရတာဖြစ်တယ်လို့" မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းက ပြောသည်။

အဆိုပါရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှစတင်၍ ကျေးရွာများတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်နှင့် ရပ်ကွက် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ နိုင်ငံရေးပါတီများ နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ အငြင်းပွားမှုဖြေရှင်းခြင်း နှင့် စေ့စပ်ညှိနှိုင်းရေးအခန်းကဏ္ဍ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအတွက် ရှောင်ရန် ဆောင်ရန်များကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက သင်ကြားပို့ချလျက်ရှိကြောင်းသိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)