ကျုံပျော် နိုဝင်ဘာ ၁၅
လူငယ်များ အမျိုးသားရေးစိတ်ဓာတ် အစဉ်ထက်သန် နိုးကြားနေစေရန်နှင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုသိရှိပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အမျိုးသားအားမာန်များဖြင့် ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြစေရန်အတွက် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် နိုဝင်ဘာ ၁၅ ရက်နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးနှင့် ဝန်ထမ်းများက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများထံသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အသီးသီး ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ၂၀၂၂ ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်(၃)ချက်၊ အမျိုးသားရေးအားမာန်စာစု၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၂၃.၁.၁၉၄၆ ရက်နေ့ ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးတွင် တင်သွင်းသော ညီညွတ်ရေးအဆိုမှ ကောက်နှုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး အမည်စာရင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၈-၁၁-၂၀၂၁ ရက်နေ့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နှုတ်ချက်၊ ဘိုမျိုး(ရွှေဘို)၏ သူ့ကျွန်မခံ အမျိုးသားမာန် ကဗျာ၊ ကာတွန်းလှထွဋ်ဦး၏ သရုပ်ဖော်ကာတွန်း စသည်တို့ ပါဝင်ကြောင်း သိရသည်။
ထို့အပြင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကျုံပျော်မြို့နယ်၊ ပညာရေးဌာနက ဦးဆောင်၍လည်း အခြေခံပညာကျောင်းများတွင် အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲများ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကို အမျိုးသားအောင်ပွဲနေ့၏ အဓိပ္ပါယ်နှင့် အနှစ်သာရကို လူငယ်လူရွယ်များ သိရှိနားလည်ပြီး အမျိုးသားရေးစိတ်ဓာတ် ရင့်သန် ခိုင်မာစေရန်အတွက် ရည်ရွယ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)