ဒီးမော့ဆိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၅၈၁၂ စုအား ထောက်ပံ့ငွေ ပေးအပ်

ဒီးမော့ဆို       စက်တင်ဘာ   ၂၀

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၅၈၁၂ စုအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေ၊ ဦးစောစိန်ထွန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်နှင့် ဌာနဆိုင်ရာများက စက်တင်ဘာလ ၁၈ရက်နှင့် ၁၉ ရက်တို့တွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် အိမ်တိုင်ရာ ရောက် သွားရောက်ပေးအပ်ခဲ့သည်။

နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါကာလတွင် စီးပွားရေးထိခိုက်မှုရှိသည့်အတွက် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန်များအပြင် ထောက်ပံ့ငွေများ ပေးအပ်လျက် ရှိပြီး ယခုအခါ  ဒီးမော့ဆိုမြို့နယ်တွင် တတိယကြိမ်မြောက် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု ၅၈၁၂ စုအား စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၁၆၂၄၀၀၀၀ ကို ပေးအပ်လျက်ရှိကြောင်း၊ ထို့သို့ ပေးအပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေး အတွက် လွှတ်တော်ကိုယ်စားလှယ် များနှင့် ဌာနဆိုင်ရာများအား အဖွဲ့များဖွဲ့ကာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်၍ အိမ်တိုင်ရာရောက် ပေးအပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ရီရယ်(ဒီးမော့ဆို)