နတ်တလင်း နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ယမန်နေ့က အ.မ.က သဲကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထားထားဦးက ကျောင်းသား ကျောင်းသူများအား စာဖတ်စေခြင်းရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာကြည့်တိုက်ကို အသုံးချတတ်လာပြီး စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာနိုင်ခြင်းတို့ကို ပြောကြားပြီး၊ ဘုတ်ပြားပြဇာတ်ဖြင့်ပုံပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်းနှင့် ဝန်ထမ်းများမှရုပ်ပုံပါစာအုပ်ဖြင့် ပုံပြင်ပြောခြင်းတို့ကို အသိပညာပေးဆောင်ရွက်ခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသားကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေမည့်စာအုပ်၊ စာစောင်များကို ဖတ်ရှုစေခြင်းအပြင် စာအုပ်များအား ရက်သတ္တပတ် နှစ်ပတ်ကြာငှားရမ်းပေးခဲ့ပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။
နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပညာရေးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများသို့ လစဉ်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး