မုံရွာ နိုဝင်ဘာလ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ဝင်များအား စားသောက်ဖွယ်ရာများ၊ ဝတ်စုံများနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ၊ သာသနာ့အလင်း ရောင်ကျောင်းတိုက်ရှိ ဓမ္မာရုံတွင်ကျင်းပပြုလုပ် ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ၊ကျေးရွာသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားပြောကြားကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင် ကျေးရွာ ၁၅ ရွာအတွက် နေကြာ သီးနှံမျိုးစေ့များနှင့် ထောက်ပံ့ငွေကျပ် ၁၅၀ သိန်း၊ စားသောက်ဖွယ်ရာများအား ပေးအပ်ပြီး တိုင်းမှူးက ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား ဝတ်စုံများထောက်ပံ့ပေးအပ်ကာ မှော်တော်ကျေးရွာ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအတွက် ဆန် ၃၀ အိတ်၊ ဆီ ၅၀ ပိဿာ၊ ဆား ၈၀ ပိဿာ၊ ပဲ ၁၈၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၅၀ ဖာ၊ ငါးခြောက် ၂၀ ပိဿာနှင့် စားသောက်ဖွယ်ရာများအား အသီးသီးထောက်ပံ့ ပေးအပ်ကြပြီး မှော်တော်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မှော်တော်ကျေးရွာ သာသနာ့အလင်းရောင်ကျောင်းတိုက် ဆရာတော်ဦးဝါသဝထံ အလှူငွေကျပ်သိန်း ၁၀၀ နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ စုပေါင်းရုံးရှိ ရွှေဆည်မြိုင်အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအားတွေ့ဆုံ၍ ကျေးရွာ ၄၃ ရွာအတွက် နေကြာသီးနှံမျိုးစေ့များနှင့် ထောက်ပံ့ငွေကျပ် ၄၃၀ သိန်း၊ ဝတ်စုံများနှင့် ဆန် ၅၀ အိတ်၊ ဆီ ၃၀ ဗူး၊ ဆား ၅၀ အိတ်၊ ပဲ ၅၀ အိတ်နှင့် စားသောက်ဖွယ်ရာများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကန့်ဘလူမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကန့်ဘလူခရိုင်/မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်အောင် ဆောင်ရွက်ပေးနေမှုနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အလေးအနက်ထားကာ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များ၏ ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နေကြာမျိုးစေ့များ၊ စားသောက်ဖွယ်ရာများနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအတွက် ငွေကျပ်- ၁၀ သိန်းတို့အား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့ထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့သို့ရောက်ရှိရာ ရွှေဘိုမြို့တပ်နယ်ခန်းမ၌ ရွှေဘိုမြို့ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ၍ ကျေးရွာ ၂၅ ရွာအတွက် နေကြာသီးနှံမျိုးစေ့များနှင့် ထောက်ပံ့ငွေကျပ် ၁၂၅ သိန်း၊ ဝတ်စုံများနှင့် ဆန် ၂၀ အိတ်၊ ဆီ ၁၀ ပုံး၊ ကြက်ဥ ၁၂၀၀ လုံး၊ ခေါက်ဆွဲခြောက် ၁၅ ဖာနှင့် စားသောက်ဖွယ်ရာများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ရွှေဘိုမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ယင်းနောက် ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်းရှိ မြို့နယ်များ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံတည်ငြိမ် အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နေကြာမျိုးစေ့များ၊ ထောက်ပံ့ငွေကျပ် ၁၆၀ သိန်းနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအတွက် ငွေကျပ်- ၁၀ သိန်းတို့အား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲကိုရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုစက်မှု ဇုန်ရှိ KT မွေးမြူရေးအစာတောင့်စက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ မွေးမြူရေးအစာတောင့် ထုတ်လုပ်နေမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ မွေးမြူရေးအစာတောင့် ထုတ်လုပ်နေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)