မြိတ်မြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

မြိတ် နိုဝင်ဘာ ၁၅

မြန်မာတစ်မျိုးသားလုံး၏ စုစည်းညီညာသော အမျိုးသားရေးစွမ်းပကားဖြင့် အမျိုးဂုဏ်ဇာတိဂုဏ်ကိုဖော်ဆောင်ပေးခဲ့သည့် နေ့ထူးနေ့မြတ်တစ်ခုဖြစ်သော နှစ်ပေါင်း(၁၀၂)နှစ်တိုင်ခဲ့ပြီဖြစ်သည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။

အမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်မားရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးတို့ကိုဖော်ဆောင်ပေးခဲ့သည့် မြန်မာ့သမိုင်းတွင် မော်ကွန်းတင်သည့်နေ့၊ မွန်မြတ်သောနေ့တစ်နေ့ဖြစ်သည့် တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် အမျိုးသားအောင်ပွဲနေ့ကို ကျောင်းသား/သူ လူငယ်များ သိရှိနားလည်တန်ဖိုးထားတတ်စေရန်ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

အထိမ်းအမှတ်ဟောပြောပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းမင်း ကအမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါခိုင်က ဟောပြောပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးအောင်က အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို ကျောင်းသား/သူများအား ဟောပြောသည်။

ယင်းနောက် စာရေးဆရာအသင်းဥက္ကဋ္ဌ၊ စာရေးဆရာသုတေသီစိုးအောင်မှ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ရေးသားထားသည့် “အမျိုးသားနေ့အောင်ပွဲကဗျာ” ကို ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသားမောင်အောင်ဖုန်းမော်ဦးက ဖတ်ကြားသည်။ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ကျောင်းသား/သူများနှင့် တက်ရောက်လာကြသူများအား မြိတ်ခရိုင်ရုံးဝန်ထမ်များမှ ဝေငှ ပေးခဲ့ကြောင်းသိရသည်။

ခိုင်ထူး