နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့  (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

နတ်မောက် နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင်များကို အနာဂတ်၏ ခေါင်းဆောင်များဖြစ်မည့် ကျောင်းသား/သူ လူငယ်လူရွယ်များ မေ့မရနိုင်သည့် အမျိုးသားအောင်ပွဲနေ့အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့ နံနက်(၉)နာရီအချိန်ခန့်က အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းရှိ ကျောင်းသား/သူများ၏ လက်ဝယ်အရောက်  သွားရောက် ဖြန့်ဝေခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၂ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ အမျိုးသားရေးအားမာန်၊ လူငယ်တွေရဲ့ခေတ်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၏ အမည်များ၊    မှန်ကန်သော မျိုးချစ်စိတ်ဓာတ်များရှိရန် အထူးလိုအပ်၊ ဘိုမျိုး(ရွှေဘို)ရေးသားထားသည့် ကဗျာနှင့် ကာတွန်းများဖြင့် ဝေဝေဆာဆာ ထည့်သွင်းဖော်ပြထား သည်။

“ခုလို အချက်အလက်စုံလင်စွာ ဖော်ပြပေးထားတဲ့ သတင်းစကားလက်ကမ်းစာစောင်ကို လက်ဝယ်အရောက် အခမဲ့ရရှိတဲ့အတွက် အထူးပင်ဝမ်းသာပါတယ်။ လက်ကမ်းစာစောင်များကိုဖတ်ရှု့တဲ့အခါ မျိုးချစ်စိတ်များ ပိုမိုနိုးကြားလာပြီး မိမိအမျိုးကို မိမိချစ်မြတ်နိုးတတ်စေပြီး တန်ဖိုးထားတတ်စေတဲ့ စိတ်ဓာတ်များ ဝင်ရောက်လာပါတယ်ဟု” Grade-10ကျောင်းသားတစ်ဦးက ပြောသည်။

လှဝင်း