မင်းဘူးမြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ

မင်းဘူး နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ကျင်းပသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား/ကျောင်းသူများအနေဖြင့် အမျိုးသားနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန်နှင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ၂၀၂၂ ခုနှစ် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်နှင့် ပညာရေးမျှော်မှန်းချက်များကို အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ခရိုင်ပြန်/ဆက်ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)