ဘားအံမြို့နယ်တွင် ပြည်သူ့လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများအား အခြေခံစားသောက်ကုန်များ ရောင်းချပေး

ဘားအံ နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပြည်သူ့လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့မွန်းလွဲပိုင်းက အမှတ် (၄) ရပ်ကွက်၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်း၌ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို  ကရင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှု ဖြင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀/-နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၅၀/- နှုန်းဖြင့်လည်းကောင်း၊  မြေပဲဆီတစ်ဘူးလျှင် ငွေကျပ် ၄၀၀၀/- နှုန်းဖြင့်လည်းကောင်း သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များအား ဒေသခံပြည်သူများနှင့် ပြည်သူ့လုံခြုံရေးဆောင်ရွက်နေ သော ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများ စားဝတ်နေရေးအဆင်ပြေစေရန်  သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)