ဒက္ခိဏသီရိ စက်တင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ထပ်မံပေးအပ်ခြင်းကို စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် ဒက္ခိဏသီရိမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းတို့က ထောက်ပံ့ငွေများကို အခြေခံလူတန်းစားများ ထံ လက်ဝယ်အရောက် အမြန်ထုတ် ပေးသွားရေးနှင့် ထောက်ပံ့ငွေပေးအပ်ရာတွင် လူစုလူဝေးမဖြစ်စေ ရေးအတွက် ဂရုစိုက်ဆောင်ရွက်ရန်၊ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးသွား ရန်တို့ကို မှာကြားခဲ့သည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်နှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။
ဒက္ခိဏသီရိမြို့နယ်အတွင်း ပဉ္စမအကြိမ်တွင် တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၇၆၇၀)စုအတွက် စုစုပေါင်းငွေကျပ် (၁၅၃၄၀၀၀၀၀) ကို ထပ်မံထောက်ပံ့ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)