သရက်ချောင်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြိတ်-ထားဝယ်ကားလမ်း ကတွဲကျေးရွာနှင့် သင်ပုန်းချောင်း ကျေးရွာအကြားရှိ ဘုတ်တောင်လမ်းပိုင်း၌ မြေသားများ ပြိုကျမှုဖြစ်ပွား

သရက်ချောင်း စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၌ ယမန်နေ့ ည ၁၀ နာရီခွဲခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သရက်ချောင်းမြို့နယ် ကတွဲကျေးရွာနှင့် ကညင်ချောင်းကျေးရွာအုပ်စု၊ သင်ပုန်းချောင်း ကျေးရွာအကြားရှိ ဘုတ်တောင်၌ ထားဝယ်-မြိတ်ကားလမ်း မိုင်တိုင်အမှတ်(၄၅/၆)နှင့် (၄၅/၇)အကြားတွင် ကားလမ်းမပေါ်သို့ တောင်မြေနံရံများ ပြိုကျခဲ့ရာ မြေသားထု(၇)ပေ၊ အရှည်(၆၀)ပေခန့် မြေသားများ ပြိုကျခဲ့သဖြင့် ကားလမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့သည်။

အဆိုပါ မြေပြိုကျ၍ လမ်းပိတ်သွားသည့်နေရာသို့ သရက်ချောင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဒုတပ်ခွဲမှူး ဦးညီညီမင်းနှင့် တပ်ဖွဲ့ဝင်များ၊ သရက်ချောင်းမြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းမျိုးသိုက်နှင့် ဝန်ထမ်း များ၊ ဝင်းဝနယ်မြေ ရဲစခန်းမှစခန်းမှူး ရဲအုပ် နေလင်းထွန်းနှင့် တပ်ဖွဲ့ဝင်များက လမ်းပိတ်ဆို့မှုမရှိစေရန် မြေသားများအား ဘက်ဟိုယာဉ်ဖြင့် ရှင်းလင်းဖယ်ရှားလျက်ရှိရာ ယနေ့ နံနက်(၃)နာရီ တွင်ရှင်းလင်းပြီးစီးခဲ့သည်။

ထိုသို့ရှင်းလင်း​​ဆောင်ရွက်ရာတွင် ဝင်းဝနယ်​မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် နေလင်းထွန်းနှင့်အဖွဲ့က ယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရန်အတွက် လမ်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်​ပေးလျက် ရှိကြောင်း သိရသည်။

သရက်ချောင်း(ပြန်/ဆက်)