လောင်းလုံး စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့က မိုးသည်းစွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုနှင့် ထူးကဲဒီရေမြင့်တက်ပြီး ရေလှိုင်းများ ရိုက်ခတ်မှုကြောင့် ပင်လယ်ကမ်းကျေးရွာ အချို့တွင် နေအိမ်များပြိုကျခြင်း၊ ပျက်စီးခြင်းနှင့် လမ်း၊ တံတားများ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ကြောင့် ပင်လယ်ကမ်းကျေးရွာများဖြစ်ကြသည့် စမ်းလှမ်းကျေးရွာတွင် လူနေအိမ် (၁၉)လုံးပြိုကျပျက်စီးခြင်း၊ ကျောက်နီမော်ကျေးရွာတွင် နေအိမ်(၂)လုံးပြိုကျပျက်စီးခြင်း၊ ပန်းတင်အင်း ကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာတွင် လူနေအိမ်(၆၀)ခန့်ရေဝင်ခြင်း၊ ကျောက်ဝပ်ပြင်ကျေးရွာတွင် ရေထိန်း နံရံ (အလျား၈၀၀x အနံ၄xအမြင့်၆)ပေခန့်ပြိုကျပျက်စီးခြင်း၊ စမ်းလှမ်းကျေးရွာ(အလျား၅၀ xအနံ၉ပေ)ခန့်ရှိ ကွန်ကရစ်လမ်း ပြိုကျပျက်စီးခြင်းနှင့် ကျောက်ဆင်ကျေးရွာအုပ်စု၊ ကမ်းပနီကျေးရွာရှိ မျှော်ရစ်ဘုရားသို့ သွားရာ တံတား (အရှည် ၆၆၀ပေxအနံပေxအမြင့်၇ပေ)ရှိရာမှ တံတား(အရှည် ၄၀ပေ) ခန့်ပြိုကျပျက်စီးသွားခဲ့သည်။
အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့် လူနှင့်တိရစ္ဆာများ သေဆုံးခြင်းမရှိပါကြောင်းနှင့် ပြိုကျပျက်စီးသည့် နေအိမ်များရှိ မိသားစုဝင်များအား သက်ဆိုင်ရာအုပ်ချုပ်ရေးနှင့် တာဝန်ရှိသူများက နီးစပ်ရာဆွေမျိုးအိမ်တွင် လည်းကောင်း၊ စာသင်ကျောင်းတွေလည်းကောင်း ယာယီပြောင်းရွှေ့ပေးခဲ့ပြီး ပျက်စီးခဲ့သည့် နေအိမ်များအား တာဝန်ရှိသူများက ဖယ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနထံမှ သိရသည်။
သိန်းသိန်း(ပြန်/ဆက်)