သနပ်ပင် နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ စီစဉ်ဆောင်ရွက်သော သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာက သက်ကြီးရွယ်ဆိုသည်မှာ အသက်(၆၀)နှစ်နှင့် အထက်ရှိသော မြန်မာနိုင်ငံသားအားလုံးကို ဆိုလိုသည်။ အိုမင်း မစွမ်းဆိုသည်မှာ ရုပ်ပိုင်ဆိုင်ရာသို့မဟုတ် စိတ်ပိုင်းဆိုင်ရာချို့တဲ့ပြီး တစ်ပါးသူ၏ အကူအညီမပါဘဲ မိမိကိုယ်တိုင် ရပ်တည်နိုင်ခြင်းမရှိသော သက်ကြီးရွယ်အို ကိုဆိုလိုသည် သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှူရေးစောင့်ရှောက်မှုမြှင့်တင်ရန်၊ လိုအပ်သည့်နည်းပညာများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အကူအညီများပေးရန် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများ ဆိုင်ရာကော်မတီဖွဲ့စည်းခြင်းနှင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များအား ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက သက်ကြီးရွယ်အိုများ သက်သေခံကတ်ပြားထုတ်ပေး ခြင်းနှင့် ကိုင်ဆောင်အသုံးပြုပုံများ၊ မိဘဘိုးဘွားများ စရိတ်ထောက်ပံ့ခြင်း ကြည်ရှုစောင့်ရှောက်ခြင်းဆိုင်ရာများ၊ သက်ကြီးရွယ်အိုများအတွက် ကင်းလွတ်ခွင့်နှင့် လျော့ပေါ့သက်သာခွင့် များ၊ ဝင်ငွေပုံမှန်ရရှိရေး၊ ရန်ပုံထူထောင်ခြင်းနှင့် ထိန်းသိမ်းသုံးစွဲခြင်းများ ရှင်းလင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ သနပ်ပင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ ရပ်ကွက်ကျေးရွာများမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
လှမိုး(ပြန်/ဆက်)