ပခုက္ကူမြို့နယ်တွင် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် (CFAVC) စီမံကိန်းဖြင့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

ပခုက္ကူ  စက်တင်ဘာ ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ရာသီဥတုနှင့်လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်(CFAVC) စီမံကိန်းဖြင့် ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ကျေးရွာတွင် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ် နေမှု အခြေအနေတို့ကို စက်တင်ဘာလ ၁၈ရက် နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင့်ဝေနှင့်အတူ ပခုက္ကူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်နှင့် ဝန်ထမ်းများ လိုက်ပါကြပြီး ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုး စီးပွားရေး လုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် (CFAVC)စီမံကိန်း ရန်ပုံငွေကျပ် (၂၄)သန်းဖြင့် လုပ်ငန်းစတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ကျေးရွာတွင် အရှည် ၃၉၆၀ ပေ၊ အကျယ် ၁၀ပေ၊ ထုထည် ၁ပေ၊၉လက်မရှိသည့် (ကျောက်ရောမြေ၊ မြေနီကျောက်စရစ် ခင်းခြင်း) ကုန်ထုတ် လမ်းဖောက်လုပ်နေမှု အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြရာ လုပ်ငန်းတာဝန်ယူဆောင်ရွက်သည့် မုဒုံမောင်မောင် ကုမ္ပဏီမှ တာဝန်ခံအင်ဂျင် နီယာနှင့်ဝန်ထမ်းများက လက်ရှိလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအကြောင်းတို့ကို  ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးနှင့်ကိုက်ညီပြီး အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးလိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာတန်ဖိုးကွင်းဆက်စီမံကိန်း (Climate Friendly Agribusiness Value Chain Sector Project  – CFAVC) သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)၊  ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာ ဖူလုံရေးအစီအစဉ် (GAFSP) တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းရာနှုန်းပြည့် ပြီးစီးပါက အဆိုပါကျေးရွာရှိ တောင်သူ (၁၂)ဦး၏ လယ်ယာစိုက်ပျိုးမြေဧက (၈၀၀)ဧကမှ   ထွက်ရှိလာသည့် ထွက်ကုန်များကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာဖြင့် အလွယ်တကူသယ်ယူပို့ ဆောင်နိုင်ခြင်းတို့အတွက် များစွာအကျိုးပြုမည့် ကုန်ထုတ်လမ်းဖြစ်ကြောင်းသိရသည်။

ကီးလိန်းဖေ