ပွင့်ဖြူ စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသခံပြည်သူများနှင့် ဈေးရောင်းဈေးဝယ်ကြသူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံ ငွေဖြင့် ပွင့်ဖြူမြို့မစည်ပင်သာယာဈေး အနောက်ဘက်လမ်း အရှည်ပေ ၂၆၅ ပေ အား လမ်းအကျယ် ၁၂ ပေ ၊ ထု ၈ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို စက်တင်ဘာ ၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ယခင်က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး အနောက်ဘက်လမ်းသည် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ထားသော်လည်း နှစ်ကာလကြာမြင့်မှုကြောင့် လမ်းများပျက်စီးနေကာ ဒေသခံပြည်သူများ သွားလာရာ၌ အဆင်မပြေသည့်အတွက် ယခုနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေကျပ် (၆)သန်းဖြင့် ဈေးအနောက်ဘက်လမ်း အရှည်ပေ ၂၆၅ ပေ အား လမ်းအကျယ် ၁၂ ပေ ၊ ထု ၈ လက်မရှိ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ခင်ဇာခြည်နိုင် က အနီးကပ်ကြီးကြပ်၍ စက်တင် ဘာ ၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြို့တွင်း ရေစီးရေလာကောင်းမွန်စေရန်နှင့် လမ်းပျက်စီးမှုများ သက်သာစေရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ၊တိုင်းဒေသကြီးအစိုးရအဖွဲ၏ အထွေထွေပိုလျှံရန်ပုံငွေကျပ် သန်း(၂၀)ဖြင့် ပွင့်ဖြူမြို့၊ သန့်ဇင်လမ်းနှင့် ဈေးအနောက် ဘက် လမ်းဆုံနေရာတွင် အတိုင်းအတာ (၂၀’× ၃ × ၅’) ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း သိရပြီး အဆိုပါ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ၊ ဩဂုတ်လ ၃၁ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း ထံမှ သိရသည်။
ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအနောက်ဘက် လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကွန်ကရစ်တံတားတစ်စင်း တို့ကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ မြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများနှင့် ဈေးရောင်းဈေးဝယ်ကြသူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။
ရဲဝင်းနိုင် ( ညောင်ဦး )