ဒေးဒရဲမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ  ကျင်းပ

ဒေးဒရဲ နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌  ကျောင်းသား၊ ကျောင်းသူများ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရင့်သန်လာစေရန်၊ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အလေးထား သတိရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ (၁၀၂)နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့ အကြို အခြေခံမူလတန်းအဆင့်  စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး  စာစီစာကုံးပြိုင်ပွဲကို အမျိုးသားနေ့ ဒို့မမေ့ ခေါင်းစဥ်ဖြင့် ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စိတ်အပန်းဖြေပျော်ရွှင်စေရေး စကောရွက် အားကစားနည်းနှင့်  အိမ်ဆောက် အားကစားနည်းများကို စုပေါင်းဆင်နွှဲခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် မြို့နယ်ရုံးက ပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

အေဇာလင်း