ပုလောမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်(၁) ဦး အစားထိုးရွေးချယ်

ပုလော စက်တင်ဘာ ၂၀

ပုလောမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် (၁) ဦး အစားထိုးရွေးချယ်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက ပုလောမြို့၊ မကျည်းကုန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ရွေးချယ်ရာတွင် မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပုလောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်ဦးက မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့တွင် ပါဝင်မည့် ရွေးချယ်ခံကော်မတီဝင်များ၏ အရည်အချင်းများ၊ ကော်မတီများ တာဝန်ပေးအပ်ရွေးချယ်ရာတွင် ကြီးကြပ်ရေး အဖွဲ့ဝင်များနှင့် ရွေးချယ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြခဲ့သည်။

ပုလောမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ရွေးချယ်နိုင်ရန်အတွက် ကိုယ်စားလှယ်လောင်းအဖြစ် ပုလောမြို့ အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅) ရပ်ကွက်မှ (၅) ဦးနှင့် ပလမြို့မှ (၁) ဦး၊ ပလောက်မြို့မှ (၁) ဦး၊ စုစုပေါင်း (၇) ဦး တွင် (၅) ဦး တက်ရောက်၍ လျှိုဝှက်မဲပေးစနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြရာ ပုလောမြို့ အမှတ် (၁) ရပ်ကွက်မှ ဒေါက်တာ မျိုးနိုင်ကို မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် (၁)ဦးအဖြစ် ယာယီရွေးချယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြ၍ အတည်ပြုချက်ရယူ ဆောင်ရွက် သွားမည်ကြောင်း သိရှိရသည်။

အေးအေးမော်( ပုလော ပြန်/ဆက်)