တိုင်းရင်းဆေးဖြင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်းဆောင်ရွက်ပေး

ဖြူး နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား တိုင်းရင်း ဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရေးအတွက် ဖြူးမြို့နယ်တိုင်းရင်းဆေးဦးစီးဌာနနှင့် ဖြူးမြို့နယ်(၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံတို့ ပူးပေါင်းကာ ယနေ့နံနက် (၁၀)နာရီ အချိန်က ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ ဂျေပူအထကကျောင်းတွင် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ဖြူးမြို့နယ်(၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းတို့က ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား ဆေး စစ်ဆေးမှုများဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများ အဖြစ်များသည့် ချောင်းဆိုးခြင်း၊ အစာမကြေ ဝမ်းဖောဝမ်းရောင်ခြင်း၊  ကျောင်းသူများအတွက် မီးယပ်ပိုင်းဆိုင်ရာများအတွက် ကုသပေးခြင်း၊ လိုအပ်သည့် ဆေးများပေးခြင်းကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)