မော်လမြိုင်ကျွန်း နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေး Talk Show အစီအစဥ်အား ယမန်နေ့နံနက် ၁၀ နာရီ အချိန်ကဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်း၊ ၁၆ ကုတင်ဆံ တိုင်းရင်းဆေးရုံးအုပ် ဦးခိုင်ထွန်းဇော်၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွန့်ကြားရေးမှူး ဒေါက်တာဖြူဖြူဝင်းတို့ ဆွေးနွေးခဲ့ကြပြီး ခွေးကိုက်ခံရသည့် လူနာအနေဖြင့် (၁) လခွဲကနေ (၃)လ အချိန်အတွင်း ရောဂါလက္ခဏာများ ပြတတ်ပြီး ရောဂါလက္ခဏာအနေနှင့် အဖျားရှိခြင်း၊ ဒဏ်ရာအနီးတစ်ဝိုက် ယားယံလာခြင်း၊ လည်ချောင်းနာခြင်း၊ ရေကြောက်ခြင်း၊ တံတွေးမျိုရန် ခက်ခဲလာခြင်း၊ အဖျားကျသည့်တိုင် ဝမ်းနှင့်ဆီးနည်းခြင်း၊ အသက်ရှုပြင်းလာခြင်း၊ အသံမြည်းလာခြင်းတို့ကို (၁)ရက် မှ (၃)ရက်ခန့်ထိ ခံစားရပြီးသေဆုံးတတ်ခြင်း၊ အလင်းရောင်၊ ကျယ်လောင်သောအသံနှင့် တိုက်ခတ်သောလေအေးကို သိလွယ်ခြင်း၊ ခွေးများတွင် ခွေးရူးရောဂါလက္ခဏာအားလုံးမပြဘဲ သေသွားသော ခွေးများရှိသလို မူလက ပိုင်ရှင်ကို ခင်တွယ်သောခွေးတွေက ရန်လိုခြင်းမတွေ့ရဘဲ အမူအကျင့်တိုင်း လျှာဖြင့်လျှက်ပေးတက်ခြင်း၊ ခွေးရူးရောဂါအန္တရာယ် ကင်းဝေးစေရန် ခွေးကိုက်ခံရခြင်း မဖြစ်အောင် ဂရုစိုက်နေထိုင်ခြင်း၊ ကျောင်းနေအရွယ် ကလေးငယ်များ လမ်းသွားရင် ခွေးများကိုမစဖို့ သင်ကြားခြင်း၊ ခွေးကိုက်ခံရလျှင် ခွေးရူးခွေးကောင်းခွဲခြားမနေဘဲ အနာကို ဆပ်ပြာနှင့်စင်ကြယ်အောင်ဆေးပြီး ကျန်းမားရေးဌာန ဆေးရုံ(သို့) ဆေးခန်းများ၌ ကုသမှုခံယူခြင်းနှင့် မိမိအိမ်မှာရှိသော အိမ်မွေးခွေး၊ ကြောင်များကို နှစ်စဥ် ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် ခွေးရူးရောဂါမှ ကာကွယ်စေနိုင်မည့်အချက်များအား ဆွေးနွေးခဲ့ကြောင်းသိရသည်။
အောင်အောင် (ပြန်/ဆက်)