ပဲခူးမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူး နိုဝင်ဘာ  ၁၄

အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ပဲခူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကမာနတ်ရှိ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကမာနတ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဝင်းက “အားကစား”ဆိုတာ အင်အားနဲ့ ဉာဏ်ရည်ကို အသုံးချကြောင်း၊ အားကစားအမျိုးအစား(၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယ ပညာသင်ကြားရခြင်း၏ရည်ရွယ်ချက်မှာအနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးအတွက် အားကစားက ဆောင်ရွက်ပေးတာဖြစ်ကြောင်းတို့ကို အသိပညာပေးဟောပြောပြီး ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက ကျောင်းသား/ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာ‌ပေဖတ်ရှုသည့် အကျိုးကျေးဇူများ၊ Social media အသုံးပြုခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို အသိပညာပေး ဟောပြော ခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဝင်းကျော်က အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(ရန်ကုန်)တက်ရောက်နိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့သည်။ ထို့နောက်ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများအား (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်များအား ဝေငှခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲ အခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကမာနတ်မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)