တောင်တွင်းကြီးမြို့နယ်အတွင်း ဆီထွက်သီးနှံ (ဆောင်း)နေကြာ စိုက်ပျိုးထားရှိမှုအောင်မြင်ဖြစ်ထွန်း

တောင်တွင်းကြီး နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ်‌ ရေတွင်းကောင်းအုပ်စု၊ ရေတွင်းကောင်းကျေးရွာ၊ တောင်သူဦးအေးမောင် စိုက်ပျိုးထားသော ဆီထွက်သီးနှံ (ဆောင်း)နေကြာစံပြကွက်(၆)ဧက စိုက်ခင်းမှာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင်  ဆီထွက်သီးနှံ(မိုး)နေကြာနှင့် (ဆောင်း)နေကြာ  စုစုပေါင်း(၁၈၄၃)ဧက စိုက်ပျိုးထားရှိပြီး နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မြို့နယ်အတွင်း ယခုနှစ်ဆီထွက်သီးနှံ(မိုး)နေကြာကို သီးသန့်/သီးညှပ်(၁၄၉၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၇၂၄)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်းနှင့် (ဆောင်း)နေကြာသီးနှံကို(၃၅၁)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တောင်တွင်းကြီးနယ်အတွင်း သီးနှံများစိုက်ပျိုးရာတွင် တစ်နှစ်ကိုသီးနှံသုံးသီး စိုက်ပျိုးနိုင်အောင် ကြိုးစားဆောင်ရွက်ရန်လိုပါ‌ကြောင်း၊  စိုက်ပျိုးသောသီးနှံများအားလုံး အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးနှင့် သီးနှံအရည်အသွေးကောင်းမွန်စေရေးတို့အတွက် မျိုးကောင်းမျိုးသန့်များကို စနစ်တကျရွေးချယ်သုံးစွဲပြီး စိုက်ပျိုးကြစေလိုကြောင်း၊ သီးနှံစိုက်ပျိုးရာတွင် ဒေသတွင်းလိုအပ်သော မျိုးကောင်းမျိုးသန့်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ အစဉ်အမြဲပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ‌ ဒေါ်ခင်မျိုးအေးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)