ပေါက်ခေါင်း နိုဝင်ဘာ ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေကျပ်သိန်း(၁၀၀)ဖြင့် ဆောင်ရွက်သည့် ကျေးရွာ(၁၃)ရွာ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျေးရွာ(၁၀)ရွာတွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသခံပြည်သူများ၏ လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော ကျေးရွာတွင်းလမ်းများပြုပြင်၍ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းနှင့် အခြားကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်သန့်ရှင်းသောသောက်သုံးရေရရှိရေးလုပ်ငန်းများ၊ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်၍ တင်ဒါအောင်မြင်သည့်ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် ပေါက်ခေါင်းမြို့နယ် ဆယ်ကြီးကွက်သစ်၊ ကံရွာ၊ ဇွဲကွင်း၊ သပြေတုံး၊ ပေါက်တော၊ ဗြူဂေါင်း၊ ကျောင်းရွာ၊ ပေါက်တော၊ ပိတောက်ကုန်းနှင့် ပိတောက်ကျောအလယ်ရွာ တို့တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ပြီး ကျောက်ရော မြေနီလမ်းခင်းခြင်းနှင့် ချောင်းကျိုးကျေးရွာတွင် ၄၀၀ ဗို့ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီး၍ ပြည်သူများ အဆင်ပြေချောမောစွာ သွားလာရာနိုင်ပြီဖြစ်သည်။ ပြီးစီးရန်ကျန်ရှိသည့် ကျောလေးမွှာ၊ သစ်ငုတ်တိုနှင့် စမ်းမကြီးကျေးရွာတို့ရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း ကျေးလက်ဦးစီးဌာနမှ သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက တည်ဆောက်ရေးကော်မတီများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)