လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ စာဖတ်ဝိုင်းကျင်းပ

လှိုင်းဘွဲ နိုဝင်ဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club အသင်း) တို့ ပူးပေါင်း၍ စာရေးဆရာ မြင်းခြံကျော်အောင် (ခ) သန်းထက်စံ ရေးသားသည့် ကြီးပွားအောင်မြင် အောင်ပန်းကိုဆင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို  ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဒီမွန်ကျော်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိအနာဂတ်အတွက် ကျောင်းစာအပြင် အသိပညာဗဟု သုတတိုးပွားလာစေရန်အတွက် စာအုပ်စာပေများကို လေ့လာဖတ်ရှုရမည့် ဖြစ်ကြောင်း၊ စာပေဗဟုသုတရှိမှသာ မိမိရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ပြီး စာဖတ်ဝိုင်းတွင် တက်ရောက်လာသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာ မြင်းခြံကျော်အောင် (ခ) သန်းထက်စံ ရေးသားထားသော ကြီးပွားအောင်မြင် အောင်ပန်းကိုဆင် စာအုပ်တွင်ပါရှိသော အတိုးတက်ဆုံးလူ၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားမှ ရုန်းထွက်ရေး၊ ကြီးပွားခြင်း၏ အခြေခံ စာဖတ်ရန်၊ စွမ်းရည်ထက်မြက်ရေး၊ အောင်မြင်သူနှင့် မအောင်မြင်သူဘာကွာသလဲ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)