ရှမ်းရွာသစ် နိုဝင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ကျောင်းသား/သူလေးများ မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များအကြောင်းသိရှိစေရန်၊ ကာယ၊ ဉာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုဝင်ဘာလ (၁၇)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ပြပွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ကလေးငယ်များဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများပြည်သူဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာနေရာတစ်ခုအဖြစ်သိရှိစေရန်နှင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကို ကျောင်းသား/သူများ အစဉ်အမြဲအောက်မေ့သတိရစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မူလတန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ရုပ်ပုံပြ၊ ပုံပြင်ပြောပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ဗဟုသုတရရှိရန်အတွက် စာအုပ်စာစောင်များခင်းကျင်းပြသပေးခြင်းနှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများပါဝင်သည့် နံရံကပ်စာစောင်များကိုလည်း ပြသဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/သူများတို့က စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)