၅၆ နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှ စုပေါင်း သွေးလှူဒါန်း

ပခုက္ကူ     စက်တင်ဘာ  ၂၀

၅၆ နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင် ရဲတပ်ဖွဲ့ဝင် များမှ စုပေါင်းသွေးလှူဒါန်းပွဲကို  ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီးတွင်  ယမန်နေ့  နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ  ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်မိုးဦးက ပခုက္ကူခရိုင်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ၅၆နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် သွေးလှူဒါန်းရခြင်း ဖြစ်ကြောင်း ပြောကြားပြီး ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ခရိုင်လုံခြုံရေးတပ်ခွဲ၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူမြို့များမှ ရဲတပ်ဖွဲ့ဝင်များက သွေးလုံးရေ (၇၁)လုံး လှူဒါန်းပေးကြောင်း သိရသည်။

ပခုက္ကူခရိုင်ဆေးရုံကြီးတွင် တစ်လလျှင်သွေးလိုအပ်ချက် ၃၀၀ကျော်လိုအပ်ကြောင်းကို ဗစ်ကာလဖြစ်၍ တစ်ဦးချင်းသွေးလာရောက်လှူဒါန်းမှူနည်းပါးကြောင်း၊ ယခုကဲ့သို့  ပခုက္ကူခရိုင် ရဲတပ်ဖွဲ့ မှစုပေါင်းလာရောက် သွေးလှူဒါန်းသည့်အတွက် ကျေးဇူးတင်ပါကြောင်း ဓါတ်ခွဲဌာနှင့် သွေးလှူဘဏ်မှ ဒေါက်တာ စောမြတ်သွယ်မှပြောကြားသည်။ ပခုက္ကူသွေးလှူဘဏ်သို့ ပခုက္ကူမြို့ပေါ်ရှိ သွေးလှူအသင်း ၅သင်းနှင့် ပေါက်၊မြိုင်မြို့နယ်များ ရှိကျေးရွာများမှ သွေးလှူ အသင်းများ၊ ပုဂံ၊မြင်းကမ္ဘာရပ် မြတ်စေတနာ သွေးလှူရှင်အသင်းများမှလည်း သွေးလိုအပ်ချက် အား ဖြည့်ဆည်းဆောင်းရွက် လှူဒါန်းပေးလျက် ရှိသည်။

သွေးလှူဒါန်းပွဲသို့ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲတပ်ဖွဲ့မှူး တင်မိုးဦး၊ ပခုက္ကူခရိုင် ဆေးရုံ အုပ်ကြီးဒေါက်တာကျော်နိုင်ဝင်းနှင့်ဓါတ်ခွဲဌာနနှင့်သွေးလှူဘဏ်မှဒေါက်တာစောမြတ်သွယ်နှင့် တာဝန်ရှိသူများ က   သွေးလှူရှင်များအားလှည့်လည်ကြည့်ရှု့အားပေးကြကြောင်းသိရသည်။

ကိုတမာ(ပြန်/ဆက်)