မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျောက်ချောလမ်းနှင့် ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ် ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်‌ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် ဆောင်ရွက်သည့် ကျောက်ချောလမ်းနှင့် ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က သက်ဆိုင်ရာ ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်၊ ဦးစီးအရာရှိ ဦးခန့်ဇင်နှင့် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ)(တာဝန်) ဒေါ်ဆုနန္ဒာအေးနှင့် တာဝန်ရှိသူတို့မှ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လျှံရတနာတိုးကုမ္ပဏီမှ တင်ဒါအောင်မြင်‌ဆောင်ရွက်လျက်ရှိသည့် မော်လမြိုင်ကျွန်း-ကျိုက်လတ်ကားလမ်းတာမှ မစိုးရိမ်-ထနီး- သရက်ချောင်း-သစ်တိုဆိပ်ကျေးရွာသို့ ဆက်သွယ်သော ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း (၁.၆၀၉ km × ၄.၈၀ m × ၃၅၀ mm) နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  ရတနာပစ်တိုင်းထောင်ကုမ္ပဏီက တင်ဒါအောင်မြင်ဆောင်ရွက်သည့် (၇၀၀၀ ပေ × ၁၂ ပေ × ၉ လက်မ) မရဲအုန်းပင်စု ကုန်ထုတ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)