ပေါက်ခေါင်းမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲကျင်းပ

ပေါက်ခေါင်း နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ပြပွဲများပြုလုပ်ပေးရခြင်းရည်ရွယ်ချက်နှင့်အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲကို ခင်းကျင်းပြသထားရာတွင် အမျိုးသားအောင်ပွဲနေ့ အကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုသမိုင်းမှတ်တမ်းအကြောင်းအရာ မှတ်တမ်းဓာတ်ပုံများပါဝင်သည့် နံရံကပ်စာစောင်၊ ဓာတ်ပုံများ ပြသဆောင်ရွက်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ အထက(ပေါက်ခေါင်း)မှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက လာရောက်ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)