မင်းဘူး နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းတို့က ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် ဖြစ်ပေါ်လာပုံကို အကျဉ်းချုံး၍ ပြည်သူများသိရှိစေရန် ပြောပြစေလိုကြောင်း၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေမှာ “ဘယ်လိုလိုအပ်ချက်တွေ ပါဝင်နေလို့ ကျောင်းသားနဲ့ ပြည်သူတွေက မကြိုက်ကြတာလဲ၊ နောက် အမျိုးသား နေ့အဖြစ် သတ်မှတ်ခဲ့ဖြစ်ပုံ” စသည်တို့ကို မေးမြန်း ဆွေးနွေးခဲ့သည်။
ထိုကဲ့သို့ မေးမြန်းဆွေးနွေးခြင်းကို ခရိုင်ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်က ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အိန္ဒိယဘုရင်ခံချုပ် ချမ်းစဖို့ဒ်က အတည်ပြု ထုတ်ပြန်ခဲ့ပြီး ကြေညာချက် (၆) ချက်ပါရှိ၍ ၎င်းတို့မှာ
(၁) မြန်မာနိုင်ငံ၌ ဤတက္ကသိုလ် တစ်ခုတည်းသာ ရှိရမည်ဖြစ်ပြီး တက္ကသိုလ်အောက်တွင် ကောလိပ်ကျောင်း တစ်ကျောင်းသာ ရှိရမည်။
(၂) ကောလိပ်ကျောင်း၌ ပညာသင်ကြားလိုသူများသည် ကျောင်းအိပ်ကျောင်းစား နေနိုင်သူများသာ ဖြစ်ရမည်။
(၃) တက္ကသိုလ်ဝင် စာမေးပွဲ မထားရှိတော့ဘဲ အစိုးရကပြုလုပ်သော High School Final ခေါ် ၁၀ တန်းစာမေးပွဲကို အောင်မြင်ပြီး English စာနှင့် အခြား ဘာသာတစ်ခုခုကို ထူးချွန်အောင်မြင်ပါမှ အဆိုပါ တက္ကသိုလ်ကို တက်ခွင့်ရမည်။
(၄) ဂုဏ်ထူးနှင့် ဝိဇ္ဇာတန်းတွင် တစ်ခါဖြေဆို၍ မအောင်မြင်ပါက နောက်နောင် ဖြေဆိုခွင့်မပြု။
(၅) High School Final အောင်၍ တက္ကသိုလ်ဝင်ခွင့် ရသော်လည်း တက္ကသိုလ် ပညာရပ် ပြင်ဆင်မှုအတန်းတွင် တစ်နှစ် နေနိုင်ရမည်။
(၆) ပြင်ဆင်မှုအတန်းတွင် တစ်နှစ် နေပြီးသော်လည်း နှစ်ကုန်တွင် တက္ကသိုလ် ပညာရပ်များကို လိုက်နာရန် အရည်အချင်းမရှိသေးဟု သတ်မှတ်လျှင် တက္ကသိုလ် ပညာရပ်များဆက်လက် သင်ကြားခွင့် ရမည်မဟုတ်ဟု ပါရှိသောကြောင့် ကျောင်းသားများနှင့် ပြည်သူတွေက မကြိုက်ကြခြင်းဖြစ်ပြီး၊ အမျိုးသားနေ့အဖြစ် သတ်မှတ်ခြင်းကိုတော့ အချို့က သီပေါမင်း ပါတော်မူသော တန်ဆောင်မုန်းလဆုတ် (၈) ရက်နေ့ကို အကြံပြု၍ အချို့က ဆရာတော် ဦးဥတ္တမ ထောင်ကျသောနေ့ ၁၂၈၃ ခု၊ နယုန်လကွယ်နေ့ကို အကြံပြုကြရာ သပိတ်မှောက် ကောင်စီဝင် ဦးမြင့်က နန်းကျသောနေ့နှင့် ထောင်ကျသောနေ့ သည် မင်္ဂလာမရှိ၍ နယ်ချဲ့ဗြိတိသျှကို ပထမဆုံး ထိထိရောက်ရောက် သပိတ်မှောက်ခဲ့သော တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကိုသာ အမျိုးသားနေ့အဖြစ် အဆိုပြု၍ အားလုံးက ထောက်ခံခဲ့ကြသဖြင့် အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ဇေယျာထက်(မင်းဘူး)