သရက်မြို့၌ စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ

သရက် နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး သရက်မြို့၌ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စာပေချစ်သူများစာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဆရာကြည်အောင်၏ ကဗျာပေါင်းချုပ်စာအုပ်မှ ခါတကောင်ခံ တပင်ကဗျာကိုဖတ်၍  တစ်ဦးနှင့်တစ်ဦးအတွေးအမြင်များ ဆွေးနွေးခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်း၍ လစဉ်စာဖတ်ဝိုင်း များဆောင်ရွက်ရာတွင် လူငယ်လူရွယ်များ စာရိတ္တမြင့်မားစေရေးအတွက် ဆွေးနွေးနိုင်မည့် ရသစာပေများကို ရွေးချယ်ဆွေးနွေးခြင်း၊ Book Club အဖွဲ့နှင့်ပူး‌ပေါင်းကာ လူငယ်အသိပညာပေး Talk Show များရိုက်ကူး၍ သရက်ခရိုင် ပြည်သူ့စာကြည့်တိုက် Pageတွင်တင်ဆက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး  Book Club (ဥက္ကဋ္ဌ) ဦးအောင်ကျော်စိုးက ယနေ့စာဖတ်ဝိုင်းတွင် ဆွေးနွေးရန် ဆရာကြည်အောင်၏ခါတကောင်ခံတပင် ကဗျာကိုရွေးချယ်၍ ဆွေးနွေးရာမှာ ကဗျာ၏ မူရင်းတွင် ပါရှိသည့် ခ(ငှက်) ခံ(အပင်)တို့ကို လူဇာတ်သွင်း၍ လူတစ်ဦးအဖြစ်ခံစားမြင်ယောင်ပြီး အတွေးအခေါ်ပွားများမျှဝေလိုသည့် ရည်ရွယ်ချက်ဖြင့် ရွေးချယ်ဆွေးနွေးတာဖြစ်လို့ ခံစားမှုမှ ရသဆီသို့ရောက်ရှိပြီး အသိတရားတိုးပွားကာ ပျော်ရွှင်မှုကို ရရှိစေလိုကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ကဗျာဆရာမောင်မင်းသိမ်း(သရက်)က ကဗျာဆရာသည် အလင်္ကာမြောက်စွာရေးဖွဲ့ထားသည့် စိတ်ဓါတ်ကြံ့ခိုင်ပြီးဘဝကို အောင်မြင်မှုရရှိအောင် ကြိုးစားလိုသည့် စိတ်ဓါတ်ကို အသက်သွင်းရေးဖွဲ့ထားသည်ဟု ခံစားမိကြောင်းပြောကြားခဲ့ပြီး Book Club (အဖွဲ့ဝင်)  ဒေါ်ခင်ခင်ဝင်း၊ ဒေါ်အေးအေးရီ၊ ဒေါ်ဖြူဖြူဟန်တို့က ဒီကဗျာကို ရွေးချယ်ဆွေးနွေးရခြင်းကြောင့် လောကိလောကုတ္တရာ အကျိုးနှစ်ဖြာကိုရရှိသည့် ဖြူစင်သောစိတ်ထားကိုရရှိသည့်အတွက် ကျေနပ်မိကြောင်း ဆွေးနွေးကာ ဒေါ်ခင်ခင်ဝင်းက ကဗျာဆရာမ နုယဉ်ရေးသားသည့် လမင်းနှင့် စာဆိုကဗျာကို ရွတ်ဆိုခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)