ပွင့်ဖြူမြို့နယ်၌ ပန်းမုံလာသီးနှံ ဈေးကောင်းရရှိ၍ တောင်သူများ အားထားစိုက်ပျိုးလုပ်ကိုင်

ပွင့်ဖြူ နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပန်းမုံလာသီးနှံ ဈေးကောင်းရရှိနေ၍ ဒေသခံတောင်သူများက မုန်းချောင်းရေနှင့် မြေအောက်ရေကိုအမှီပြု၍ ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းအား အားထားစိုက်ပျိုးလုပ်ကိုင်နေကြကြောင်း ပွင့်ဖြူမြို့နယ်သရက်အုပ်ကျေးရွာအုပ်စုမှ ဒေသခံတောင်သူများထံက သိရသည်။

ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး(၂)လခွဲခန့်အကြာတွင် ရောင်းတန်းဝင်ပန်းမုံလာထုပ်များကို လှိုင်လှိုင်ဆွတ်ခူးရောင်းချရကြောင်းနှင့် ပွင့်ဖြူမြို့နယ်ဒေသထွက် ပန်းမုံလာများသည် လတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်၍ ဒေသခံပြည်သူများက အကြိုက်တွေ့ဝယ်ယူစားသုံးကြသဖြင့် ဈေးကွက်အတွင်း၌ ရောင်းအားမွန်လျက်ရှိနေပြီး အခြားသော မင်းဘူး၊ မကွေးမြို့ကိုလည်း တင်ပို့ရောင်းချနေရကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ပိန္နဲတောကျေးရွာမှ တစ်ပိုင်တစ်နိုင် ပန်းမုံလာသီးနှံစိုက်ပျိုးလုပ်ကိုင်သည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။

"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ဒေသခံတောင်သူတွေ မြေအောက်ရေနဲ့မုန်းချောင်းရေကို အမှီပြုပြီး မုန်းချောင်းဘေးတစ်လျှောက် ကိုင်းမြေနှင့် မြေနုကျွန်းတွေမှာ တစ်ပိုင်တစ်နိုင် ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ပန်းမုံလာသီးနှံစိုက်ပျိုးရာ၌ ယခင်ကမိရိုးဖလာစိုက်ပျိုးနည်းနဲ့သာ စိုက်ပျိုးခဲ့ကြပြီးတော့ ခုနောက်ပိုင်းမှာတော့ တိုးတက်ပြောင်းလဲလာတဲ့ အထွက်နှုန်းကောင်းတဲ့ စိုက်ပျိုးရေးနည်းပညာတွေကို အသုံးပြုစိုက်ပျိုးလာကြတယ်။ ပြီးခဲ့တဲ့နှစ်တွေက ပန်းမုံလာသီးနှံက တစ်ထုပ်ကို (၅၀၀၊ ၆၀၀)ဈေးလောက်နဲ့ ရောင်းချခဲ့ရတယ်။ ဒီနှစ်မှာတော့ ပန်းမုံလာတစ်ထုပ်ကို ငွေကျပ် (၈၀၀၊ ၉၀၀)ဈေးနဲ့ရောင်းချရလို့ ပန်းမုံလာသီးနှံစိုက်ပျိုးတဲ့ တောင်သူတွေအတွက် ဈေးကောင်းရရှိလို့ စီးပွားရေးတွက်ခြေကိုက်တယ်ဆိုရမှာပေါ့ ။ ပန်းမုံလာသီးနှံမှာလည်း အဖြူမျိုးနှင့် အစိမ်းမျိုးဟူ၍(၂)မျိုးရှိပြီး ပန်းမုံလာအဖြူမျိုးက တစ်ပွင့်တည်းသာ ပွင့်ပြီးအစိမ်းမျိုးကတော့ အနည်းဆုံး နှစ်ပွင့်၊ သုံးပွင့်အထိ ဆွတ်ခူးရောင်းချရတယ်။ ကျွန်တော်တို့ဒေသကထွက်ရှိတဲ့ ပန်းမုံလာသီးနှံက ရှမ်းပြည်ဘက်လာတဲ့ မုန်းမုံလာတွေထက်ပိုပြီးတော့ လတ်ဆတ်မှုရှိပြီး အရည်အသွေးလည်း ကောင်းတော့ဈေးကွက်မှာ အရောင်းအဝယ်သွက်နေတယ်ဗျ။  ပန်းမုံလာသီးနှံအပြင် အခြားသော စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ ခရမ်းချဉ်၊ ငရုတ်၊ ကြက်သွန်နီ၊ တိုင်ထောင်ပဲသီး၊ သခွါး၊ ဘူး၊ ဖရုံ၊ ကြက်ဟင်းခါး၊ ခရမ်းညိုသီး ၊ ခရမ်းစိမ်း၊ မုံလာဥဖြူ၊ ဆလပ်၊ နံနံပင်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ပဲရှည်သီး အစရှိတဲ့ သီးနှံများကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာမှ ဒေသခံတောင်သူ ဦးဝင်းကိုက ပြောသည်။  

ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေတောင်သူများ အဓိကစိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ပဲတီစိမ်း၊ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲစင်းငုံ၊ ဖူးစားပြောင်းသီးနှံတို့ကို စိုက်ပျိုးကြကြောင်းသိရကာ မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများ၌ အချို့ဒေသခံတောင်သူများက မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ သီးနှံအပိုဝင်ငွေရရှိစေရန် ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံနှင့် ဘုရားပန်းမျိုးစုံကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် စိုက်ပျိုးသမျှသီးနှံစိုက်ခင်းများမှာ စိုက်ပျိုးရေအဆင်ပြေသဖြင့် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)