ပွင့်ဖြူမြို့၌ ပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာသွားလာနိုင်ရေး မြို့တွင်းလေးတိုင်စင်လမ်းဆုံ၌ ယာဉ်အချက်ပြမီးပွိုင့်တပ်ဆင်

ပွင့်ဖြူ၊ စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းစွာ သွားလာနိုင်ရန်နှင့် ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေဖြင့် မြို့တွင်းလေးတိုင်စင်လမ်းဆုံနေရာတွင် ယာဉ်အချက်ပြမီးပွိုင့် (၃)ခု တပ်ဆင်ဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။

အဆိုပါ အချက်ပြမီးပွိုင့်(၃)ခု တပ်ဆင်ခြင်းလုပ်ငန်းအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၉၆၃၉၀၀၀ ခွင့်ပြုချထားပေးခဲ့ပြီး Able Myanmar Provider Co.Ltd မှ တာဝန်ယူ တပ်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ သွားလာနိုင်ရန် ယာဉ်/လမ်းစည်းကမ်းပညာပေးခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် ယာဉ်ထိန်းရဲကင်းရုံးအား လေးတိုင်စင်လမ်းဆုံနေရာတွင် မင်းဘူးမြို့၊ ရွှေရောင်မြေ လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်း မိသားစုမှ ဆောက်လုပ်လှူဒါန်းပေးထားကြောင်းလည်း သိရသည်။

ယခုအခါ ပွင့်ဖြူမြို့တွင်း လေးတိုင်စင်လမ်းဆုံနေရာအား ယာဉ်အချက်ပြမီးပွိုင့်နှင့် ယာဉ်ထိန်းရဲကင်းစခန်းရုံး တပ်ဆင် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ သွားလာနိုင်မည်ဖြစ်၍ ယာဉ်အန္တရာယ်ကင်းဝေးစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်ထံက သိရသည်။   

ရဲဝင်းနိုင် ( ညောင်ဦး )