ပွင့်ဖြူမြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ဆောင်းသီးနှံနေကြာ ၂၃၉၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူ နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ဒေသခံတောင်သူများက အောက်တိုဘာလဆန်းပိုင်းက ရွာသွန်းခဲ့သည့်မိုးဖြင့် ဆောင်းသီးနှံနေကြာအား အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယခု နိုဝင်ဘာလ(၁၀)ရက်နေ့အထိ ဆောင်းနေကြာသီးနှံ ၂၃၉၁ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ဆောင်းနေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးစရိတ် အကုန်အကျသက်သာပြီး သီးနှံဝင်ငွေပိုမိုရရှိသည့်အတွက် ဒေသခံတောင်သူများက မိုးနေကြာနှင့် ဆောင်းနေကြာသီးနှံစိုက်ပျိုးရေးကို ယခုနှစ်တွင် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ နေကြာသီးနှံစိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်းအလိုက် တစ်ဧကသီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ တာဝန်ခံကွင်းဝန်ထမ်းများက ဒေသခံတောင်သူများကို ကွင်းဆင်းပညာပေးခြင်းနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၂ -၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ရည်ရွယ်၍ ဆောင်းနေကြာသီးနှံစိုက်ဧက ၂၆၇၅၅ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသခံတောင်သူများက အောက်တိုဘာလဆန်းပိုင်းက ရွာသွန်းခဲ့သည့်မိုးဖြင့် ဆောင်းနေကြာသီးနှံအား သတ်မှတ်လျာထားဧက ပြည့်မီစေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာလ(၁၀)ရက်နေ့အထိ သီးသန့်စိုက်ပျိုးဧက ၂၀၂၆ ဧက၊ သီးညှပ်စိုက်ပျိုးဧက ၃၆၅ ဧက၊ စုစုပေါင်းဆောင်းနေကြာသီးနှံ ၂၃၉၁ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရကာ ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် သီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် သတ်မှတ်လျာဧက ပြည့်မီရေးအတွက် ဒေသခံတောင်သူများက မိမိတို့၏ ယာမြေ၊ ကိုင်းမြေနှင့် အခြားမြေနုကျွန်းများ၌ ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။  

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)