ပွင့်ဖြူမြို့နယ်၌ ကန်စော့သီးပင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသူများ မိသားစုအပိုဝင်ငွေရရှိ

ပွင့်ဖြူ နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် ကန်စော့သီးပင်စိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်အတွင်း ဆွတ်ခူးရောင်းချနေရသဖြင့် ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။

“ကျွန်တော်တို့မြို့နယ်က ဒေသခံတောင်သူတွေဟာ မိမိတို့ရဲ့နေအိမ်ဝိုင်းကွက်များရှိ မြေကွက်လပ်မှာ စားဖိုဆောင်သီးနှံမျိုးစုံကို မြေအောက်ရေနဲ့တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါတယ်။ စားဖိုဆောင်သီးနှံတွေထဲမှာ ကန်စော့သီးဟာလည်း အခြားသောသားငါးများနှင့် ရောနှောချက်ပြုတ်ရာတွင်လည်းကောင်း၊ တို့စရာအဖြစ် မှီဝဲစားသုံးရာတွင်လည်းကောင်း အရသာရှိတဲ့ သီးနှံတစ်မျိုးလို့ ပြည်သူများက အကြိုက်တွေ့ဝယ်ယူစားသုံးကြပါတယ်။ ကျွန်တော်အနေနဲ့ ကန်စော့သီးပင် စိုက်ပျိုးတုန်းက ကိုယ့်အိမ်မိသားစု စားဖို့လောက်ပဲစိုက်ပျိုးခဲ့တာ။ ဆွတ်ခူးလို့ရတဲ့ အချိန်မှာ ကိုယ့်အိမ်အတွက် ဟင်းချက်စားဖို့ လုံလောက်တဲ့အပြင် ပိုလျှံနေတာကြောင့် ဈေးကိုသွားပြီး ရောင်းတာ တစ်ပိဿာကို ငွေကျပ် ၂၀၀၀ ဈေးနဲ့ ရောင်းခဲ့ရတယ်။ ဒါ့ကြောင့် စားဖိုဆောင်သီးနှံဖြစ်တဲ့ ကန်စော့သီးပင်စိုက်ပျိုးရေးကို တောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ် အကုန်အကျသက်သာစွာနဲ့ စိုက်ပျိုးနိုင်သလို ဈေးကောင်းလည်းရရှိတာကြောင့် မိသားစုအပိုဝင်ငွေရအောင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြစေချင်တယ်"ဟု ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်မှ တစ်ပိုင်တစ်နိုင် စားဖိုဆောင်သီးနှံစိုက်ပျိုးသည့် ဒေသခံတစ်ဦးက ပြောပြသည်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု (၅၆)အုပ်စု၊ ကျေးရွာပေါင်း(၂၀၅)ရွာရှိကာ ဒေသခံပြည်သူများမှာ စိုက်ပျိုးရေအဆင်ပြေသည့်အတွက် မိသားစု ဝင်ငွေတိုးပွားအောင် စားဖိုဆောင် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံတို့ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ ထိုသို့ စိုက်ပျိုးရာတွင် အချို့တောင်သူများက သီးထပ်သီးညှပ်အဖြစ် နှစ်သီးစား၊ သုံးသီးစားစနစ်စိုက်ပျိုးကြပြီး စိုက်ပျိုးမြေနှင့် ရာသီဥတုမျှတကောင်းမွန်သည့်အတွက် တစ်ပိုင်တစ်နိုင် စားဖိုဆောင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)