မယ်စဲ့မြို့နယ်တွင် နှာခေါင်းစည်း တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးကာ အရေးယူဆောင်ရွက်

မယ်စဲ့၊ စက်တင်ဘာ ၁၉

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက် လျှက်ရှိရာ နေအိမ်အပြင်သို့ ထွက်ခွာရာတွင် နှာခေါင်းစည်းတပ်ဆင်မှု ရှိ/မရှိ စစ်ဆေးကာ အရေးယူ ဆောင်ရွက်ခြင်းကို ယနေ့နံနက်က မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး လမ်းဆုံနှင့် တောင်ပိုင်းရပ်ကွက် မြို့မဘုန်းတော်ကြီးကျောင်းရှေ့တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်မှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဝင်း ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများပူးပေါင်း၍အဖွဲ့ခွဲကာ နေအိမ်ပြင်ပသို့ သွားလာနေသောပြည်သူများ နှာ ခေါင်းစည်းတပ်ဆင်မှု ရှိ/မရှိ စစ်ဆေး၍ နှာခေါင်းစည်းတပ်ဆင်မှုမရှိသူများအား အမည်၊ နေရပ်လိပ်စာတို့ကို မှတ်တမ်း ရေးသွင်းကာ  နှာခေါင်းစည်းနှစ်ခုလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဝယ်ယူတပ်ဆင်စေခြင်း၊ ကျန်းမာရေးအားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြည်သူ လူထုအနေဖြင့် လိုက်နာရမည့် နည်းလမ်းတို့ကို အသိပညာပေးခြင်း လုပ်ငန်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)