စလင်းမြို့နယ်တွင် သက်ကြီးဘိုးဘွားအတွက် နေအိမ်ပြုပြင်ဆောက်လုပ်ရန် အလှူငွေ လှူဒါန်း

ပွင့်ဖြူ       နိုဝင်ဘာ        ၁၃

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် သန်းပင်ကုန်းကျေးရွာမှ သက်ကြီးဘိုးဘွားအတွက် နေအိမ်ပြုပြင် ဆောက်လုပ်နိုင်ရန် အလှူငွေထောက်ပံ့လှူဒါန်းပေးခြင်းကို ယနေ့နံနက်ပိုင်း က ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင် ဦးကျော်ဆန်းနှင့် ရပ်မိရပ်ဖများက အိမ်တိုင်ရာရောက် အလှူငွေများ သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ နေအိမ်ပြုပြင်ရန်အတွက် အလှူငွေများ ထောက်ပံ့လှူဒါန်းရာတွင် စလင်းမြို့နယ် သန်းပင်ကုန်းကျေးရွာမှ  အသက် ၆၇ နှစ်အရွယ် အဘွား ဒေါ်ကြည်သန်းအတွက် အလှူငွေကျပ် ()သိန်းအား ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင် ဦးကျော်ဆန်းက ကျေးရွာရပ်မိရပ်ဖများနှင့်အတူ အလှူရှင်ကိုယ်စား အိမ်တိုင်ရာရောက် သွားရောက်ပြီး ထောက်ပံ့လှူဒါန်းပေးခဲ့သည်။

ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအသင်းအနေဖြင့် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ပွင့်ဖြူမြို့နယ်၊ စေတုတ္တရာမြို့နယ်နှင့် စလင်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ဆင်းရဲနွမ်းပါးသော ဝင်ငွေနည်းအိမ်ထောင်စုများကို ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ  စားဝတ်နေရေး အဆင်ပြေစေရန်နှင့် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း ပေးခြင်း၊ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများ လှူဒါန်းပေးခြင်း၊ ခြုံစောင်နှင့် အဝတ်အထည်များ ထောက်ပံ့လှူဒါန်းပေးခြင်း၊ နေအိမ်ပြုပြင်ဆောက်လုပ်ရန် အလှူငွေများ ထောက်ပံ့လှူဒါန်းခြင်း များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )