ကန့်ဘလူမြို့တွင် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ကန့်ဘလူ နိုဝင်ဘာ ၁၃

ငယ်ရွယ်စဉ်မှစ၍ အသိပညာအတတ်ပညာများကို လေ့လာဆည်းပူးရန်၊ အတွေးအခေါ်ထက်မြက်ဖို့၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့၊ ပြဿနာများကို နည်းမှန်လမ်းမှန်ဖြေရှင်းနိုင်ဖို့၊ အကောင်းဆုံးဘဝကို တည်ဆောက်နိုင်စေဖို့အတွက် ရည်ရွယ်ကာ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆုကိုယ်ပိုင်အထက်တန်းသင်ကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆုကိုယ်ပိုင် အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဆုကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်အနာဂါတ်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါးစသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးပြောကြားပြီး တက်ရောက် လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးဖြေကြားသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ ဆုကိုယ်ပိုင် အထက်တန်းသင်ကျောင်း တည်ထောင်သူ ဦးဟန်လင်းအောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၂၀၀ တို့တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်နှင့် နံရံကပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)