အုတ်တွင်းနိုဝင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် လူငယ်အသင်း (Youth Club) အဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေးနှင့် အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားနားလည်ခြင်း၊ အကျိုးရှိအကျိုးမဲ့ကိုခွဲခြားနားလည်ခြင်း၊ အပြစ်ရှိအပြစ်မရှိတာကို ခွဲခြားနားလည်မှ လူလို့ခေါ်ဆိုကြောင်း၊ အသိဉာဏ်ပညာဟာအရေးပါတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါကြောင်း သိရှိနားလည်စေရန်ရည်ရွယ်၍ စာရေးဆရာ မောင်မင်းစိုးရေးသားသည့် “လူငယ်နဲ့လူသားအသိ” ခေါင်းစဉ်ဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ဝိုင်းကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို လူငယ်အသင်း (Youth Club) အဖွဲ့ဥက္ကဋ္ဌ အထက်တန်းပြဆရာ ဦးဘုန်းမြင့်ကိုက “လူငယ်တွေ သင်ခန်းစာလည်း ယူစေချင်ပါတယ်။ အရာအားလုံးကတော့ ဘယ်ဆီကြည့်ကြည့်မကောင်းမြင်တဲ့ မြင်ကွင်းတွေ၊ အပြုအမူတွေ မြင်တွေ့နေခဲ့ကြရမှာ ဖြစ်ပါတယ် ဒီအပြုအမူတွေကို မကောင်းဘူး ဆိုတာသိရင်ရပါပြီ၊ အရမ်းကြီးခံစားနေရတာမျိုး မဟုတ်ဘဲနားလည်မှုနဲ့ တည်ဆောက်ပြီးတော့ ကောင်းတာတွေကြည့်ပြီး ရှေ့ဆက်ပြီးတော့ လူသားအသိနဲ့ လျှောက်စေချင်ပါတယ်” စသည့် အကြောင်းအရာများ ကိုတက်ရောက်လာသော စာပေဝါသနာရှင်များနှင့် အချင်းချင်းအမြင်ခြင်း ဖလှယ်ကာအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)