မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ

မြောင်းမြ နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌  ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက်  အမှတ် (၈၁) ယာဉ်ထိန်းတပ်ဖွဲ့စု၊ (မြောင်းမြ)က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို သူနာ​ပြုသင်တန်းကျောင်းတွင် ယနေ့ နံနက် (၁ဝ)အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် အမှတ် (၈၁) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုတိယရဲမှူး ညီညီအောင်က သင်တန်းသား သင်တန်းသူများအား ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို အသိပညာပေးဟောပြောပြီး၊ တပ်ကြပ်ကြီး ဇော်ဝင်းထွန်းက ယာဉ်လမ်းအချက်ပြပုံများကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော သင်တန်းသား သင်တန်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး စာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ဟောပြောပွဲသို့ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြများ အပါအဝင် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း(၇၃)ဦး တက်ရောက်ခဲ့​ကြကြောင်း သိရသည်။ 

ခရိုင်ပြန်ဆက်(မြောင်းမြ)