ရေတာရှည် နိုဝင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမူရေးနှင့် စည်းရုံးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့နံနက်ပိုင်းက ညောင်ပင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ကျေးရွာများအထိလာရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးရေး၊မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြစရာရှိသူများက ဒေသလိုအပ်ချက်များကို ပွင့်လင်းစွာတင်ပြစေနိုင်ရန်၊ ဒေသခံများ၏ စကားသံများနားထောင်ပြီး လိုအပ်သည်များကူညီနိုင်ရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများ၏ လိုအပ်ချက်များအား ပွင့်လင်းစွာ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန့်ဇင်ဝေက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဒုတိယရဲမှူး ဦးတင်မောင်အေးက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနနှင့် ပတ်သက်သည့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို အသိပညာပေး ဆွေးနွေးခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများက စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်ထုတ်လမ်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဒေသလိုအပ်ချက်များနှင့် သိရှိလိုသည်များအား ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး ၆ လနှင့်အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ရေတာရှည်(ပြန်/ဆက်)