ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံပညာအထက်တန်းဆင့် (သင်ရိုးသစ်) သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်လှစ်

ပြည် နိုဝင်ဘာ ၁၃

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)အတွင်း အခြေခံပညာ အထက်တန်းဆင့်(သင်ရိုးသစ်)သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ပြည်တက္ကသိုလ်နှင့် တိုင်းဒေသကြီးပညာရေးမှုးရုံးခွဲ(ပြည်)မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး တိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးလွင်က အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားကာ ပဲခူတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းဒေသကြီး ပညာရေးမှူးရုံးခွဲ(ပြည်)မှ တိုင်းဒေသကြီးပညာရေးမှူး ဦးတင်ယုက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး အမှာစကားပြောကြားသည်။

အဆိုပါ သင်တန်းတွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံပညာကျောင်းများမှ အထက်တန်းဆင့်သင် ဆရာ/ဆရာမ (၂၇၅)ဦးတက်ရောက်ပြီး ၎င်းတို့ကို ပြည်တက္ကသိုလ် ဓာတုဗေဒဌာနမှ ပါမောက္ခဌာနမှူးနှင့် သင်တန်းနည်းပြ ဆရာ၊ ဆရာမများက  ဓာတုဗေဒဘာသာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေးပညာရပ်များကို သင်တန်းကာလနှစ်ရက်ကြာ သင်ကြားပို့ချ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)