ချောက်မြို့၌ မီး​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​​ရေး တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်​ဆေး

ချောက် နိုဝင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့အတွင်း မီး​ဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး ရည်ရွယ်၍ ယမန်နေ့နံနက် ၉နာရီခွဲ အချိန်က မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ် (၁)ရပ်ကွက်သို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း မီး​ဘေး ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူးဦးဇင်မျိုးသန့်နှင့် သ​န္ဓေ၊ အရန် တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်မီးများ အသုံးပြုရာ၌ မီးဘေးလုံခြုံရေး အလေးထားလိုက်နာဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံးရေပုံးနှင့် မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိရန်၊ ထင်း၊ မီးသွေးများဖြင့် ချက်ပြုတ်ရာတွင် ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက စနစ်တကျ ငြှိမ်းသတ်ထားရှိရန် အချက်များ၊ ဖယောင်းတိုင်မီးများ၊ အမွှေးတိုင်မီးများနှင့် ခြင်ဆေးခွေများ စနစ်တကျ အသုံးပြုသွားရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက  သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်သွားရန်တို့ကို ရပ်ကွက်နေပြည်သူများအား ဆွေးနွေးမှာကြားပြီး နေအိမ်များအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

မြို့နယ် (ပြန်/ဆက်)